ရေနံချောင်းမြို့ အ.ထ.က(ခွဲ) သပြေကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရေနံချောင်းမြို့ အ..က(ခွဲ)သပြေကျောင်း၌ ကျင်းပသည်။

ဦးစွာ အ..က(ခွဲ) သပြေကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူလေးများအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတ ကြွယ်ဝသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-9၊ Grade-10 နှင့် Grade-11 တို့မှ ကျောင်းသား/ကျောင်းသူခြောက်ဦးက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ထို့နောက် စကားဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အထိမ်းအမှတ် စသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်သည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ကျောင်းသား ကျောင်းသူလေးများက လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုးသူအောင်(ပြန်/ဆက်)