အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်သူများထံ လိုက်လံငှားရမ်းပေး

အမာ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိတ်သတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အမာမြို့ (၃)ရပ်ကွက်အတွင်းရှိ စာငှားသူများထံသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်များငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေပြီး စာဖတ်ရှိန် မြင့်မားလာစေရေးနှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ် ဖြင့် စာအုပ်များငှားရမ်း‌‌ပေးခဲ့ရာ စာကြည့်တိုက်အသင်းဝင်(၅)ဦးအား သုတ(၈)အုပ်၊ ရသ(၉)အုပ်တို့ကို ငှားရမ်းပေးခဲ့ပြီး၊ ယခင်ငှားရမ်းထားသည့် သုတ၊ ရသစာအုပ်စာစောင်များကို စနစ်တကျပြန်လည် သိမ်းဆည်းခဲ့ကြောင်းနှင့် မိုဘိုင်းစနစ်ဖြင့်စာအုပ်များငှားရမ်းပေးခြင်းကို နှစ်ပတ်တစ်ကြိမ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)