ဒေးဒရဲ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၂)နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ အတ္တကျော်ရေးသားသည့် သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ စာအုပ်ပါ အပြစ်ဒဏ်ပေးနည်းဆောင်းပါးနှင့် ရိုက်နှက်ဆုံးမခြင်းရဲ့ တခြားဆိုးကျိုးတွေ ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် အပြစ်ဒဏ်ကို ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ်မှာတည်ပြီး ပေးသင့်ပါကြောင်း ရိုက်နှက်ဆုံးမခြင်းကို မပြုသင့်ပါကြောင်း၊ ကလေးကိုညံ့ဖျင်းမှု မနာခံမှုကြောင့် လှောင်ပြောင် သရော်ခြင်းများကို မပြုသင့်ကြောင်းနှင့် စည်းကမ်းထိန်းဖို့အတွက် ရိုက်နှက်ဆုံးမတာဟာ နှိပ်စက်ညှဥ်းပန်းရာ ရောက်ပါကြောင်း၊ ဆယ်ကျော်သက်အရွယ်တွေကို ရိုက်နှက်ဆုံးမခြင်းဟာ ရာဇဝတ် ကျူးလွန်ဖြစ်အောင် တွန်းပို့ရာရောက်ပါကြောင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
ဒေးဒရဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောက်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း