ဒေးဒရဲမြို့နယ် လေးအိမ်ကုန်းကျေးရွာ၌ စက်မှုဇုံတည်ဆောက်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဒေးဒရဲ  ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ လေးအိမ်ကုန်းကျေးရွာတွင် မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် စားကျက်ပယ်ဖျက် မြေဧရိယာတွင် လက်ရှိလုပ်ကိုင်လျက်ရှိသည့် တောင်သူများနှင့် တွေ့ဆုံ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်နိုင်ရေးနှင့် ဧက (၅၀) အား စက်မှုဇုံ အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေ တိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက်  စက်မှုဇုံများ တည်ဆောက်၍  ပြည်သူများ မိသားစုဝင်ငွေ အခွင့်အလမ်းများ ပိုမိုရရှိ စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးရွာနေပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လေးအိမ်ကုန်းကျေးရွာရှိ  စားကျက်မြေဧက (၅၀) တွင် စက်မှုဇုံများ ဆောင်ရွက်မည့် အခြေအနေများအား ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ဒေသခံပြည်သူများ တင်ပြလာသည့် နွေစပါးစိုက်ပျိုးနေမှုနှင့် စိုက်ပျိုးရေရရှိရေး တူးဖော် ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း