ဟင်္သာတ ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အတွင်းရှိမြို့နယ်၊ ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် သာယာလှပရေးနှင့် စံပြကျေးရွာများအဖြစ် ရွေးချယ်ရေးတို့အတွက် ဒီဇင်ဘာ ၁၄ ရက်နေ့က ဟင်္သာတ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ လေးမျက်နှာမြို့နယ်အတွင်းသို့ ဟောပြောပွဲများ၊ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဟင်္သာတခရိုင် လေးမျက်မှာမြို့နယ် ကွင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာပြည်သူများအား ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက ပလပ်စတစ်လျော့ချသုံးစွဲရေးနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျ ဆောင်ရွက်ရေး၊ မိမိတို့ဒေသစိမ်းလန်းစိုပြေရေး သဘာဝပတ်ဝန်းကျင် မပျက်စီးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်သက်ရှည်က ကျေးရွာအုပ်စုများအတွင်းရှိရွာများ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေးနှင့်ကျေးရွာနေပြည်သူများ လူမှုဘဝများဖွံဖြိုးတိုးတက်ရေး တို့အတွက် မိမိတို့ဌာနမှ လုပ်ဆောင်ပေးနေမှုများ ယခုနှစ်စံပြကျေးရွာများအဖြစ် ဝင်ရောက်ပါဝင် ရွေးချယ်ခံနိုင်ရေး လိုအပ်သောအချက်အလက်များကို ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ လေးမျက်နှာမြို့နယ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)