ဇလွန် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံပိုက်ဆံလျှော် (မျိုးစေ့ထုတ်) စိုက်ပျိုးခြင်းကွင်းပိတ်ပွဲကို လမ်းမတော်တောင်ရပ်ကွက် တောင်သူဦးလှရွှေ၏ ကွင်းအမှတ် (၁၆၉၂)၊ ဦးပိုင်အမှတ် (၂၅၆)၊ စိုက်ဧက (၂ . ၅၀) ဧကတွင် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကိုနှိမ်နင်းနိုင်ပြီး အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း တောင်သူများအား အသိပညာပေးပြောကြား၍ ဆောင်းသီးနှံပိုက်ဆံလျှော် (မျိုးစေ့ထုတ်) ကွင်းပိတ်စိုက်ပျိုးခဲ့ကြသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)