လိပ်သို ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကိုမျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ကျောင်းသား လူငယ်များသည် စူးစမ်းလိုစိတ်များ ထက်သန်နေကြောင်း၊ လူငယ်များ၏ အနာဂတ်ကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးကို အစမလုပ်မိအောင် မိဘ၊ ဆရာတို့က ဝိုင်းဝန်းစောင့်ရှောက်ကြရမည် ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲရသည့်အကြောင်းရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့် အကြီးမားဆုံး အန္တရာယ်သည် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ လူ၏ ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေကြောင်း၊ မူးယစ် ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ စသည့်နောက်ဆက်တွဲ ကိစ္စရပ်များစွာတွင် ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း စသည့် အသိပညာ ပေး အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက်နံရံကပ်စာစောင်များပြသရာ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများ၊ သိမှတ်ဖွယ်ရာများ အကျယ်တဝင့်သိရှိစေရေးအတွက် ပြသဆောင်ရွက်ထားရှိမှုများကို ကျောင်းသား/ကျောင်းသူ လူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)