လှိုင်းဘွဲ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရာသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားလူမျိုးများအနေဖြင့် ရရှိရထိုက်သောအခွင့်အရေးများကို ရရှိစေရန်အတွက် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသက်မွေးဝမ်းကျောင်း လိုအပ်ချက်များဆန်းစစ်ခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က နောင်သငဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေများ၊ အခွင့်အလမ်းများနှင့်ရပိုင်ခွင့်များ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာများနှင့် သစ်တော ပြုန်းတီးမှုမရှိစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ မြို့နယ်အတွင်း ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစတင်အောင်မြင့်က မိမိပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားပြိုင်ပွဲများ ဆောင်ရွက်ပေးနေမှုများ၊ ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အားကစားများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်လူငယ်ရေးရာများနှင့် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဘာသာသင်ကြားပေးသည့် ဆရာ/ဆရာမများ ခန့်အပ်ထားရှိမှုအခြေအနေနှင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားစာပေ လူတိုင်းတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း လိုအပ်မှုဆန်းစစ်စီမံခြင်း စစ်တမ်းလွှာများကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဖိုးခွါး(ပြန်/ဆက်)