ပဲခူး ဒီဇင်ဘာ ၁၅
ပဲခူးမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းတွင် ပဲခူးမြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှမျိုးအောင်က ဗလငါးတန်ဖြင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်၊ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ထွန်းလာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်သည့် အတွေ့အကြုံသစ်များရရှိပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်စသည့် လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ခရိုင်ဦးစီးမှူးဒေါ်ချစ်ချစ်သန်းက Moderator အဖြစ်ဆောင်ရွက်ပြီး Grade-10 မှ မောင်သက်ပိုင်ဖြိုးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်သိန်းထွဋ်ဦးက “လူငယ်နှင့်မူးယစ်ဆေးဝါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မရတီစိုးက “လူငယ်နှင့်ခေါင်းဆောင်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မရွှန်းလဲ့အောင်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်သုံးသပ် ဆွေးနွေးဖြေကြားပေးသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာ မှတ်သားကြကြောင်းသိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)