လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲပြုလုပ်

လိပ်သို   ဒီဇင်ဘာ  ၁၅

ခရစ်သက္ကရာဇ် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev,Fr. မာတင်ဝင်းဦး၏ အဖွင့်ဆုတောင်းပေးခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။

ဆုတောင်းပွဲတွင် လိပ်သိုမြို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ခရစ္စမတ် နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ ရန်ကြီးအောင်ကျောင်းတိုက် ဆရာတော် ဉီးဣဿရိယ ကဉီးဆောင်၍ ကျောင်းအတွက် အန္တရာယ်ကင်းပရိတ်တရား တော်အား ရွတ်ဖတ်သရဇ္ဇယ်ခြင်း၊ ကက်သလစ်ဘုန်းတော်ကြီး (၃)ပါးကကျောင်း အဆောက်အဉီးများအား မင်္ဂလာရေများ ပက်ဖျန်း ပေးခြင်း၊ ဘုန်းတော်ကြီး Rev,Fr. ဂျွန်ချစ်ငြိမ်းဦးက  ခရစ္စမတ်သတင်းကောင်း ဝေငှခြင်း၊ ဧဝံဂလိနှစ်ခြင်းအသင်းတော်မှ ဆရာမန်းမော်လီကားက ခရစ္စမတ်တရားဒေသနာဟောကြားခြင်း၊ ဘုန်းတော်ကြီး Fr စတာလင်ဦးက ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ အားလုံးအတွက် အထူးဆုတောင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဧည့်သည်တော်များအား ခရစ္စမတ်လက်ဆောင်များပေးအပ်ခြင်း၊ ခရစ္စမတ်တေးသီချင်း သီဆိုဧကျုးခြင်းများ ပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာကျောင်းခန်းများအလိုက် ပျော်ရွင်စရာခရစ္စမတ်ကစားပွဲများ ပြုလုပ်ခြင်း၊ ဧည့်ခံ ကျွေးမွေးခြင်း၊ အပြန်အလှန်လက်ဆောင်များ ပေးအပ်ခြင်းတို့ဖြင့် ခရစ္စမတ်အကြိုပွဲကို ပျော်ရွင်စွာကျင်းပခဲ့ကြသည်။

မူလတန်းကျောင်းသား/ကျောင်းသူများအတွက် ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက်ပြုလုပ်ခဲ့ရာ ဧဝံဂလိအသင်းတော်မှ ဓမ္မအမှုတော်ဆောင် ဆရာဒေးဗစ် ကျော်ဇင်ဦးက ခရစ္စမတ်သတင်းကောင်းအား ဝေငှခြင်း၊ ဆရာမနော်လားစေးက ခရစ္စမတ် Degaration အလှဆင်ခြင်းအကြောင်းမျှဝေခြင်း၊ ဒုတိယတန်းကျောင်းသား/ကျောင်းသူများက ခရစ္စမတ်တေးသီချင်းအား ပုလွေမှုတ်ချီးမွမ်းခြင်း၊ Rev,Fr. သိန်းမောင်က ခရစ္စမတ်ဩဝါဒမြွက်ကြားခြင်း နှင့် ဆုတောင်းကောင်းချီးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)