ပွင့်ဖြူ အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့သော ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခြင်းကို အောက်တိုဘာ ၂၆ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့မရဲစခန်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ်ငွေများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအဖွဲ့က မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပရန် လျာထားဆောင်ရွက်ထားရှိသော မဲရုံ(၁၆၃)ရုံတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များထံ မဲရုံတစ်ခုချင်းစီအလိုက် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံပြင်ဆင်စရိတ် ငွေကျပ် ၅၀၀၀၀ ၊ သယ်ယူခ စရိတ် ငွေကျပ် ၁၀၀၀၀ နှုန်းစီ အား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီ စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း ၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ ယနေ့အထိ ၁၃၅၉၉၀ ဦး ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်းများတွင် ချင်းတိုင်းရင်းသာမဲဆန္ဒရှင်ဦးရေ ၁၄၈၀ ဦးကျော် ပါဝင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )