ညောင်လေးပင် အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက်၉ နာရီက ညောင်လေးပင်မြို့ အထက(ခွဲ)ကျောင်းတွင် မဲရုံဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲခွဲအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမြင့်၊ ဦးသိန်းနိုင်၊ ဦးတင်စိုးနှင့် ဦးခင်မောင်လတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသဲဝတ်ရည်ထွန်းနှင့် တာဝန်ရှိသူတို့မှ ညောင်လေးပင်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်း ဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်တို့၏ တာဝန်ဝတ္တရားများ၊ မဲရုံမှူးများ အသုံးပြုရမည့်ပုံစံများ၊ ကျန်းမာရေးစံနှင့်အညီ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ ပုံစံ(၁၆) ရေးသွင်းခြင်းနှင့် ခိုင်လုံမဲပယ်မဲနမူနာပုံစံများ၊ ကိုဗစ်၁၉ရောဂါ ကာကွယ်ရေးအတွက် မဲရုံတာဝန်ရှိ သူများနှင့် မဲပေးသူများ လိုက်နာရမည့် စည်းကမ်းများ စသည့် မဲရုံဆိုင်ရာ အကြောင်းအရာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက် ရှိသည်။
ညောင်လေးပင်မြို့နယ်တွင် ရပ်ကွက် ၁၃ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၈အုပ်စုမှ မဲဆန္ဒရှင် ၁၆၂၅၂၅ဦး အတွက် မဲရုံ ၁၅၀ရုံ ထားရှိမည်ဖြစ်ပြီး မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး ၃၀၀ဦးအား တစ်နေ့လျှင် ၁၀၀ဦးကို လေးခန်းခွဲ၍ အောက်တိုဘာ၂၈ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)