မင်းဘူး ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေးသဏ္ဌာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်၊ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်အနားတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် အတွင်းရေးမှူး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် (ငလျင်ဘေး)နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်၊ မိမိကိုယ်ကိုယ်မထိခိုက်အောင် ကာကွယ်တတ်စေရန်၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သိရှိစေရန်၊ အရေးပေါ်ကာကွယ်ရေး နည်းလမ်းများဖြစ်သော ဝပ်၊ကာ၊ လှဲ/ထိုင်ပုံစံများဖြင့် အန္တရာယ်ကိုရှောင်တိမ်းသည့် နည်းလမ်းများနှင့် အန္တရာယ်ရှိအဆောက်အအုံမှ ဘေးလွတ်ရာနေရာသို့ အန္တရာယ်ကင်းဘေးရှင်းစွာဖြင့် ရှောင်တိမ်းတတ်စေရန်အတွက် ငလျင်ဘေးသဏ္ဌာန်တူသရုပ်ပြဇတ်တိုက်၍ လေ့ကျင့်ပညာပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးဆောင်ပြီး အ.ထ.က(၂)မှ ကျောင်းသား/ကျောင်းသူများက ဝပ်၊ ကာ၊ လှဲ/ထိုင် ပုံစံဖြင့် ငလျင်ဘေးသဏ္ဌာန်တူဆောင်ရွက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းများက ကျောင်းဆောင်အတွင်း အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ရှေးဦးသူနာပြုလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငလျင်ဘေးနှင့် လွတ်ကင်းသောကွင်းပြင်၊ ယာယီကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သရုပ်ပြဇတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)