သာယာဝတီခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

သာယာဝတီ  အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်က သာယာဝတီခရိုင်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဲရုံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြောကြားသည်။

ဆက်လက်၍ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ချပြရှင်လင်းပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး​ကောက်ပွဲ၌ ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြရာ အပြန်အလှန် ဝိုင်းဝန်းမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သာယာဝတီခရိုင် အနေဖြင့် ရပ်ကွက် (၇၄) ခု ၊ ကျေးရွာအုပ်စု(၃၉၆) အုပ်စုမှ  မဲဆန္ဒရှင်စာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၈၅၁၇၈၆) ဦးရှိပြီး လျာထားမဲရုံပေါင်း (၉၉၀)ရုံရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သန့်ဇော်(သာယာဝတီ)