အထက်မင်းလှ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်တွင် မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မြသပိတ်စေတီတော်မြတ်ကြီး၏ မြောက်ဘက်မုဒ်ဦးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်တို့ က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကာ ဘုရားခြောက်ဆူကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူခဲ့သည်။ ထို့နောက် တပ်နယ်မှူး(မလွန်)မှဗိုလ်မှူးကြီးရွှေမြ၊ တပ်မတော်အကြီး စားစက်ရုံ-၄(မလွန်)မှ ဒုတိယဗိုလ်မှူးကြီးနေမင်းထက်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မုဒ်ဦးအား အမွှးနံ့သာရည်များပက်ဖြန်းခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၆)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၁၀)ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းချသူများက ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချလျက်ရှိရာ ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)