မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ကမ်းရင်ကျေးရွာတွင် မိုးစပါး စံပြကွက်စိုက်ခင်း ရိတ်သိမ်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ

မကွေး ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် ကမ်းရင်ကျေးရွာအုပ်စု ကမ်းရင်ကျေးရွာတွင် မိုးစပါးစံပြကွက်စိုက်ခင်း ရိတ်သိမ်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသခံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ တိုင်းဒေကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းအမှတ်(၁၆၃၀) တောင်သူဦးတင်ဦး၏ မိုးစပါးစိုက်ကွင်းသို့ ရောက်ရှိပြီး၊ စိုက်ကွင်းအတွင်း ဧရာမင်းစပါးစိုက်ခင်း(၃.၅၈)ဧက ရိတ်သိမ်းမှုလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ စိုက်ကွင်းရှင်းလင်းဆောင်တွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က မကွေးမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေများအား တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေမြေအခြေခံကောင်း လယ်ယာမြေများတွင် တစ်ဧကအထွက်နှုန်း ပန်းတိုင်အထွက်ကို လက်တွေ့လုပ်ဆောင်နေသည့် တောင်သူများ အမှန်ရရှိနိုင်မှုတို့အပေါ် စိုက်ပျိုးတောင်သူအားလုံးတို့ကလည်း သိရှိလိုက်နာပြောင်းလဲဆောင်ရွက်လာစေရေးအတွက် တောင်သူနှင့် ဆက်စပ်ဌာနအားလုံးတို့က ကွင်းလက်တွေ့ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် ရေမြေအခြေခံကောင်းရှိသည့် စိုက်ကွင်းအားလုံးတွင် တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်စွမ်းအားတိုးတက်ရေးတို့ကို တစ်ပြိုင်တည်းလုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားကာ၊ တက်ရောက်လာသည့် ကျေးရွာတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီးဟာလည်း စိုက်ပျိုးရေးကိုအခြေခံတဲ့ ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသကြီး တစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဟာ နိုင်ငံ၏ကြောရိုးသဖွယ်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်သည့်အတွက် သဖန်းဆိပ်ဒေသမှ တောင်သူများ ကြီးပွားတိုးတက်အဆင်ပြေစေရန် မြစ်ရေတင်စီမံကိန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဓိကကျသည့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရန်အတွက် ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပေးခြင်းလည်းဖြစ်ကြောင်း၊ ဆည်နှင့်ရေတင်ဧရိယာတွေမှာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိရာမှာ သဖန်းဆိပ်ရေတင်ဒေသ တောင်သူများအနေဖြင့် မိုးစပါးအပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာစိုက်ပျိုးပြီးနောက် နွေနှမ်းသီးနှံ ဆက်လက်စိုက်ပျိုးသွားကြဖို့ပြောလိုကြောင်း၊ တောင်သူများ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာသုံးစွဲနိုင်ရန်အတွက် ရာသီအလိုက်စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန်လိုအပ်ကြောင်း၊ သီးနှံအထွက်တိုးရန်အတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရန် လိုအပ်ပြီး မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက်ကြောင်း၊ တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်းရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ၊ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များအား တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ကွင်းအတွင်း ထွန်ယက်စိုက်ပျိုးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားစေရေးဆိုင်ရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ