မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ဆွေးနွေးဟောပြော

မင်းဘူး ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်သည် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြတ်သန္တာဝင်းနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၉ နာရီက မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရွှေပွင့်ဖြူခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ပြီး ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူး(စကု)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်တို့က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သော လူတော်လူကောင်းများ ဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့လာကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာပုံအကြောင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအကြောင်း သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးဟောပြော၍ တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းနုထွေးက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။

ယင်းနောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတကြွယ်ဝစေရန် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နှင်းယုလွင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များသိထားသင့်သည့် ဗလငါးတန်ဖွံ့ဖြိုးရေး အဆင့်အတန်းမြင့်မားတိုးတက်စေရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူငယ်နှင့် မှုခင်းပြဿနာဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများနှင့် မှုခင်းအမျိုးအစားအလိုက် အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည့် အကြောင်းအရာများအပေါ် ဉာဏ်စမ်းမေးခွန်းများမေးမြန်း၍ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ စာအုပ်များကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုရွှေက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုကြကြောင်း သတင်းရရှိပါသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)