မကွေး ဒီဇင်ဘာ ၁၅
၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းဒေသကြီးဉပဒေချုပ် ဦးတင့်ဝေ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ လူငယ်ရေးရာစုံညီပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တက်ရောက်လာကြသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက လူငယ်ရေးရာစုံညီပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး စီမံချက်မူကြမ်းရေးဆွဲထားမှုကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များကို မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)