တောင်တွင်းကြီး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်နှင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အဓိပ္ပာယ်၊ လွတ်လပ်ရေး၏အနှစ်သာရများ၊ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တောင်တွင်းကြီးမြို့ စာပေချစ်မြတ်နိူးသူအဖွဲ့မှ အဖွဲ့ဝင် စာရေးဆရာဦးအောင်သက်ဦး(အောင်သက်တောင်တွင်း)နှင့် မြို့နယ်ဦးစီမှူး ဒေါ်အေးမိုးမိုးမြင့်တို့က အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့သည်။
ရန်နောင်စိုး(ပြန်/ဆက်)