ကနီ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးသော မိုးစပါး ( ဆင်းသုခ )မျိုးစေ့ထုတ် စိုက်ခင်းများ ပန်းပွင့် ချိန်ကွင်းဆင်းစစ်ဆေးခြင်း( Field Inspection Campaign ) လုပ်ငန်း၊ မျိုးကွဲ နုတ်ပယ်ခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီက မြို့မနည်းပညာပြန့်ပွားရေးစင်တာအတွင်းရှိ တဇယ်ချောင် နှင့် ကင်းတောင်ကျေးရွာ အုပ်စုများ တွင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနဒုတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်း ၊တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသန်း ၊ တိုင်းဒေသကြီး သီးနှံ ကာကွယ်ရေးတာဝန်ခံဒေါ်စန်းစန်းမြင့်၊ ယင်းမာပင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်မြတ်မိုးဝင်း၊ ကနီမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိုက်စိုးထွန်း နှင့် အဖွဲ့ဝင်များ၊ ကနီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် စိုက်ပျိုး ရေးပညာရှင်များ၊ ကွင်းဝန်ထမ်းများ၊မျိုးစေ့ထုတ်တောင်သူများတက်ရောက် ကြပြီးတိုင်း ဒေသကြီး သီးနှံ ကာကွယ် ရေးတာဝန်ခံဒေါ်စန်းစန်းမြင့်က စပါးခင်းများ တွင် ဓါတ်မြေ ဩဇာကို အချိန်ကိုက်အချိုးညီ စနစ်တကျ သုံးစွဲရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ စပါးပင်ယိုင်လဲမှု မရှိစေရန်နှင့် အစေ့အဆံအောင်မြင် ပြည့်ဖြိုးစေရန် Potash မြေဩဇာ သုံးစွဲရေး ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးနိုင်က ပေါင်းမြက် ကင်းစင်ရေး၊ မျိုးကွဲများနုတ်ပယ်ရေး၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ ရရှိရေးတို့ကို တောင်သူ များ တွေ့ဆုံပြီး ပညာပေး ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်ကွက်အဖြစ်ေ ကျးရွာအုပ်စု( ၅ )အုပ်စုမှတောင်သူ (၁၁၉)ဦးမှဧက(၁၇၅) စိုက်ပျိုး ထားကြောင်း၊ ယနေ့ ကျင်းပပြု လုပ်သည့် Field Inspection တွင် ကျေးရွာအုပ်စု ( ၂ ) အုပ်စုရှိတောင်သူ( ၆၆ )ဦးမျိုးစေ့ထုတ်ဧက ( ၉၈ )ဧက အားကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ဧကအားလုံး ကွင်းဆင်း စစ်ဆေးမှု စံချိန်စံညွှန်းများ နှင့် ကိုက်ညီမှုရှိကြောင်း၊ စပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှု နည်းပါးပြီး မိတ်ဆွေပိုးများသာ တွေ့ရှိရကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
ခင်ဝင်းကြည် (ပြန်/ဆက်)