ပခုက္ကူ ဒီဇင်ဘာ ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ သတင်းတု/သတင်းမှား ခွဲခြားသိရှိရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၄ရက် နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသဆိုင်ရာစာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးနေမှုများ၊ သတင်းတု/သတင်းမှား ခွဲခြားသိရှိနိုင်ရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောပြီး ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က တိုင်းရင်းဆေးပညာအကြောင်းနှင့် ရောဂါကုထုံးနည်းများ၊ တိုင်းရင်းဆေးဖက်ဝင်အသီး၊ အပင်၊ အရွက်များအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ပန်းနုအောင်က ဥပဒေဆိုင်ရာသိကောင်းစရားများ၊ ပြစ်မှုအမျိုးအစားများနှင့် ပြစ်မှုကျူးလွန်သူများအလိုက် ဥပဒေဆိုင်ရာအရေးယူနိုင်သည့် ပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်မြမြသက်က ဆောင်းရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် ရောဂါလက္ခဏာများနှင့် ကာကွယ်ကုသရေး နည်းလမ်းများအကြောင်းကိုလည်းကောင်း၊ အမှတ်(၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ပခုက္ကူခရိုင်ရုံး)မှ ရဲအုပ်အောင်တင်က “ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် အရေးယူဆောင်ရွက်သည့် ပြစ်မှုဆိုင်ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များအကြောင်း”တို့ကိုလည်းကောင်း၊ အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး (ပခုက္ကူ)မှ ဒုတိယရဲမှူး ဝင်းလှိုင်က “လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းရင်းနှင့် လူကုန်ကူးမှုနည်းလမ်းအမျိုးမျိုး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နည်းလမ်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့် ဥပဒေအရကျခံနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်ပအလုပ်အကိုင်များအကြောင်း”တို့ကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြသည်။
အဆိုပါ ဟောပြောပွဲသို့ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာ၊ ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ် (၇) သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)