ရှမ်းရွာသစ်မြို့တွင် တပိုင်တနိုင်စိုက်ပျိုးထားသည့် ဆီထွက်သီးနှံများ စတင်ရိတ်သိမ်း

ရှမ်းရွာသစ်     ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့်လုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ပြီး ယခုအချိန်တွင် မြေပဲနှင့်နှမ်းများ စတင်ခူးဆွတ်ရိပ်သိမ်းလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဝဉစိုက်ပျိုးသည့်လုပ်ငန်း၊ တပိုင်တနိုင်ဉယျာဉ်ခြံမြေစိုက်ပျိုးသည့်လုပ်ငန်းများအပြင် ဆီထွက်သီးနှံများဖြစ်သော မိုးနှောင်းနှမ်း၊ နေကြာနှင့်မြေပဲတို့ကို အဓိကထားလုပ်ကိုင်စိုက်ပျိုး ကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းပါးသော မြေပဲသီးနှံနှင့်နှမ်းများကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်း စားသုံးဆီဖူလုံစေရေး၊ စိုက်ပျိုးတောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျစိစစ်ရွေးချယ်စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူများဝင်ငွေတိုးတက်စေရေးတို့အတွက် နှစ်စဉ်စိုက်ပျိုးကြကြောင်း၊ မြေပဲနှင့်နှမ်းစိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြပြီး အပွင့်မပွင့်မီနှင့် အပွင့်ပွင့်သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ အားဆေးများပက်ဖျန်းရကြောင်း၊ ကုန်ကျစရိတ်သက်သာပြီး တပိုင်တနိုင် စိုက်ပျိုးနိုင်သည့်အတွက်ကြောင့် နှစ်စဉ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးများရွာသွန်းမှုများပြားသည့်အတွက် မြေပဲအထွက်နှုန်းကျဆင်းကာ မြေပဲဆံများအရွယ် အစားအနည်းငယ်သေးကြောင်း၊ နှမ်းအထွက်နှုန်းအနေဖြင့် ပုံမှန်ဖြင့်သာထွက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးမြေပဲကို ဒေသနေပြည်သူများ နှစ်စဉ်တော်သလင်းလမှစ၍ စတင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် မြေပဲများစတင်ခူးဆွတ်ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း တောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများနှင့် နည်းပညာကူညီ ပံ့ပိုးပေးမှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)