ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ(အ.ထ.က)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ(၅)ဦးက "လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု တန်ဖိုး၊ လူငယ်နှင့် ကျန်းမာရေး" စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူ(၅))ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများပါဝင်သော နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသရာ တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)