သဲကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံး၊မဲရုံသုံးပစ္စည်းများစတင်ထုတ်ပေး

သဲကုန်း  အောက်တိုဘာ  ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန်အတွက် မဲပုံးများ၊မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယနေ့ နံနက်(၉)နာရီခွဲမှစ၍ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  နှင့် အတွင်းရေးမှူးများထံသို့ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ယင်းသို့ မဲရုံသုံးပစ္စည်းများကိုထုတ်ပေးရာတွင် မဲပုံး၊ မဲလက်မှတ်များ၊ ဆန္ဒပြုခန်း၊ ပလပ်စတစ် ခြင်းတောင်း၊ ဆာလာအိပ်များနှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများအပါအဝင် စုစုပေါင်း(၂၂)မျိုးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကိုယ်တိုင် လာရောက်ထုတ်ယူကြကြောင်းနှင့် သဲကုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စု (၆၃)အုပ်စုတွင် မဲရုံ(၁၉၆) ရုံရှိပြီး၊ မဲဆန္ဒရှင်ပြည်သူ (၁၀၇၂၅၆)ဦးရှိကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)