ကျောက်ထု အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသရှိ ယာမြေနှင့် ဥယျာဉ်ခြံမြေများ တွင် ထိုင်ဝမ်ပဲတောင့်ရှည်မျိုးခေါ် ပဲတောင့်ရှည်များအား စိုက်ပျိုးလျှက်ရှိကြရာ အောင်မြင် ဖြစ် ထွန်းလျှက်ရှိ ကြောင်း သိရသည်။
အဆိုပါ ပဲတောင့်ရှည်မျိုးများအား ယခင်အခါများက မန္တလေး၊ ပခုက္ကူဈေးကွက်များမှ မှာကြား ဝယ်ယူကာ တစ်ဆင့်ခံရောင်းချခဲ့ကြရသော်လည်း ယခုအခါဒေသတွင်း စိုက်ပျိုး ရောင်းချနေကြပြီဖြစ်သည်။ ထိုပဲမျိုးများအား ကျောက်ထုမြို့ရှိ စိုက်ပျိုးရေးဆေး၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ရောင်းချသည့် ဆိုင်များတွင် (၅၀)ကျပ်သားခန့်ရှိသည့် အထုပ်ကြီးတစ်ထုပ်လျှင် (၄၅၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူ စိုက်ပျိုးကြရသည်ဟု စိုက်ပျိုး သူများက ပြောပြချက်အရ သိရသည်။
" ကျွန်မ ယခုစိုက်ပျိုးထားတဲ့အခင်းမှာ မျိုးစေ့တစ်ထုပ်စိုက်ပျိုးထားပါတယ်။ တစ်နေ့ကို (၁၅)ပိဿာလောက် ခူးယူရပါတယ်။ ယခုအခါမှာ တစ်ပိဿာကို (၉၀၀) ကျပ်နဲ့ ဖောက်သည် သွင်းပါတယ်။ Covid-19 ကာလဖြစ်လို့ အများကြီးမစိုက်ထားရဲပါဘူး။ အရင်ကတော့ ကျောက်ထုဈေး ထဲတင်မက မင်းတပ်မြို့၊ မတူပီမြို့များ ကို ပါ တင်ပို့ ရောင်းချရတော့ ပိုပြီးအလုပ် ဖြစ်ပါတယ် " ဟု ငါလွန်း ကျေးရွာမှ ပဲတောင့်ရှည် စိုက်ပျိုးသည့် တောင်သူ ဒေါ်ကေခိုင်ကျော်က ပြောပြသည်။
ယခုအခါ စပါးစိုက်ပျိုးနေစဉ်ကာလအတွင်း တောင်သူများ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး ရောင်းချကြခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးတက်ရရှိလျှက်ရှိကြောင်း သိရသည်။
မောဟေမာန် (ပြန်/ဆက်)