နတ်မောက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေက အမျိုးသမီးရေးရာအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှုူးသက်ဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဖြူဝင်းက အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုသည်မှာ လူမှုရေးအရခွဲခြားသတ်မှတ်သည့် ကျား/မရေးရာစံနှုန်းများအပေါ် အခြေပြု၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကိုဆန့်ကျင်လျက်ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် ထိခိုက်နစ်နာစေမှု သို့မဟုတ် ဝေဒနာခံစားမှုများကို ဖြစ်ပေါ်စေသည့်အပြုအမှုများ၊ ထိုအပြုအမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်သည့် အခြားအပြုအမှုများပါဝင်ကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများမှာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခြင်း၊ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အကြမ်းဖက်ခြင်းနှင့် အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများဖြစ်သော ကျား၊ မတန်းတူညီမျှမှုမရှိခြင်း၊ အခွင့်အာဏာမရှိခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများကတော့ ရင်းနှီးကျွမ်းဝင်သော လက်တွဲဖော်မှအကြမ်းဖက်မှု၊ ကလေးများနှင့် မိန်းကလေးငယ်များအပေါ်ကျူးလွန်သည့် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း