မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာ (အ.ထ.က-ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

မြို့သစ် ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့်  အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၁၂ ရက်နေ့၊   မွန်းလွဲ ၁ နာရီက ဆူးတပ်ကြီးကျေးရွာအုပ်စု၊ ဆူးတပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဆူးတပ်ကြီးကျေးရွာ (အ.ထ.က-ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးအိအိမွန်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ဝင်းအိဇွန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဆူးတပ်ကြီး (အ.ထ.က-ခွဲ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်သော်တာမင်းမှ လူငယ်နှင့်ကြီးပွားရေး၊ မအေးမြတ်ငြိမ်းမှ လူငယ်နှင့် ဝါသနာ၊ မောင်ဟန်ထွန်းမှလူငယ်နှင့်ယဉ်ကျေးမှု၊ မသီရိထွန်းမှ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ မနွေးနွေးလှိုင်မှ လူငယ်နှင့်ကျန်းမာရေး၊ မနန်းနန်းအေးမှ လူငယ်နှင့်ပညာရေးခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်နှင့်ဆွေးနွေးပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)