အထက်မင်းလှ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ကို ယမန်နေ့ညနေ (၅)နာရီက ရုံးရပ်မြေက်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သံဖြူကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကိုရွတ်ဆိုပြီး ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခဲ့သည်။
မင်းလှမြို့နယ်တွင် ကျင်းပပြုလုပ်သည့် မြို့နယ်လုံးဆိုင်ရာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာလ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ (၅)ရက်တိုင် သာသနာ့ဗိမာန်တော်တွင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်တွင်လည်း အလှည့်ကျ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၃)ရက် (၁၃)ရက်နေ့မှ ၂၀၂၄ ခုနှစ်ဇန်နဝါရီလ(၁၀)ရက်နေ့အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။ အဆိုပါပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲသို့ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက နဝကမ္မအလှူငွေ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုရည်များကို နေ့စဥ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)