ပခုက္ကူမြို့ ဧရာဝတီတံတားအနီးတွင် လင်းပိုင်တွေ့ရှိသည်ဆို၍ မှတ်တမ်းတင်နိုင်ရန် လိုက်လံစောင့်ကြည့်ရှာဖွေနေ

ပခုက္ကူ   အောက်တိုဘာ ၂၆

ပခုက္ကူမြို့ ဧရာဝတီတံတားအနီးတွင် လင်းပိုင်များမကြာခဏပေါ်လာသည်ဆို၍ မှတ်တမ်းတင်နိုင်ရန် ဒေသခံရေလုပ်သားများနှင့် မီဒီယာများ ပူးပေါင်း၍ ရှာဖွေနေကြောင်း သိရသည်။

လွန်ခဲ့သောရက်သတ္တပတ်ခန့်က ပခုက္ကူမြို့ ဧရာဝတီမြစ် ဧရာဝတီတံတားအနီး ဒေသခံရေလုပ်သားများ၏ ရေလုပ်ငန်းခွင်တွင် မကြာခဏလင်းပိုင်များပေါ်လာကြောင်း ရေလုပ်သားများ၏ သတင်းပေးချက်အရ ပခုက္ကူခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ကွင်းဆင်း လေ့လာဆောင်ရွက်မှုများလည်းပြုလုပ်ခဲ့သည်။

ဒေသခံရေလုပ်သားများသမဂ္ဂ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း မိမိတို့ရပ်ရွာတွင် ရေလုပ်သား ၇၀ ဦးခန့်ရှိပြီး ဧရာ ဝတီတံတား အနောက်ဘက်တွင် ၅ ယောက် တစ်ဖွဲ့ ၁၀ ယောက်တစ်ဖွဲ့နှုန်းဖြင့် ရေလုပ်ငန်းလုပ်ကိုင်လျက်ရှိရာ လင်းပိုင် ၂ ကောင် ၃ ကောင်ခန့် မြူးတူးပျော်ပါးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း မိမိအားသတင်းပေးပို့ခဲ့သည့်အတွက် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာန သို့ အကြောင်းကြားပေးခဲ့သည်။

ဧရာဝတီမြစ်တစ်လျောက် ပခုက္ကူမြို့နယ်အနီးဝန်ကျင်တွင် ဧရာဝတီလင်းပိုင်များ ယခင်ကလာရောက် ကျက်စားသည်ကို မတွေ့ရှိရဘဲ ယခုအခါ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ရောက်ရှိလာနိုင်ခြင်းဖြစ်ကြောင်း ဒေသခံရေလုပ်သားများက ထင်မြင်ယူဆကြသည်။

ယခုအခါ ဒေသခံရေလုပ်သားများနှင့် ပခုက္ကူဒေသခံမီဒီယာများပူးပေါင်း၍ လင်းပိုင်များအား လိုက်လံရှာဖွေ၍တွေ့ရှိပါက မှတ်တမ်းတင်နိုင်ရေးအတွက် စိတ်ပါဝင်စားသူများက ရှာဖွေနေကြောင်း သိရသည်။

ကိုတမာ(ပြန်ဆက်)