မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား သက်ငယ်မုဒိန်းမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား သက်ငယ်မုဒိန်းမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ရိုးရာယဉ်ကျေးမှုဆိုတာ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်း၍ ကာကွယ်စောင့်ရှောက်သွားခြင်းဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်မှာဖြစ်ကြောင်း ထို့ကြောင့် ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းကာကွယ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်နှင်းဝတ်ရည်က အမျိုးသမီးများအား အကြမ်းဖက်ခြင်းမှ ကာကွယ်ရန်နှင့် သက်ငယ်မုဒိန်းမှုတွင် ဖြစ်ပေါ်လာနိုင်သည့်အကြောင်းအရာများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် သက်ငယ်မုဒိန်းမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ထားသော ဥပဒေများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)