ငဖဲ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်း စသည့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ငါးသုံးကောင်ပုံပြင်ကို အသိပညာပေးပြောကြားပြီး ပြိုင်ပွဲများကျင်းပရာ ပုံတူပန်းချီဆွဲပြိုင်ပွဲတွင် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-2 ကျောင်းသား/သူ (၁၅)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင်(၂၀)ဦး စုစုပေါင်း(၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံး ပုံတူရေးဆွဲနိုင်သူနှင့် ဆေးရောင်ခြယ်နိုင်သူများအား အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်ကြသည့် ကလေးငယ်များအား မုန့်များဝေငှပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)