မင်းဘူး ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့မှစတင်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပနိုင်ရေးနှင့် ဘုရားပရဝုဏ်အတွင်း တည်ဆောက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီးဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် ယခင်နှစ်အတိုင်း တည်းခို ဆောင်အလုံးပေါင်း (၈၀၀) ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း (၄၀၀) ခန့် ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း၊ ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများအား သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့် ပြုမည်ဖြစ်ကြောင်း၊ ဘုရားဖူးလာရောက်ကြသူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် လုံခြုံရေးအစီအမံများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပပြုလုပ်နိုင်ရန် မန်းချောင်းရေလမ်းကြောင်းလွှဲခြင်း၊ တည်ခိုဆောင်နှင့် ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရေး မြေနေရာရှင်းလင်းခြင်းနှင့် မန်းချောင်းရေ တိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး ဘုရားပရဝုဏ်အတွင်း ပြုပြင် ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် ရွှေစက်တော်အဝင် (၃) မိုင်းလမ်း တစ်လျောက် (Flower Box)ပန်းအလှစိုက်ပျိုးခြင်း၊ ရေကျော်တံတားတစ်စင်း တည်ဆောက်ခြင်း၊ လမ်းများပြုပြင်ခြင်း၊ ကတ္တရာလမ်းများခင်းခြင်း၊ ကျောက်ကြီးစီ၍ မြေထိန်းနံရံများ တည်ဆောက်ပြုပြင်ခြင်း၊ အောက်စက်တော်ရာဘုံ (၇) ဆင့်နှင့် လင်းနို့တောင်စတီးပန်းဆွဲများကို မြန်မာမှု့ရှေးမူ လက်ရာမပျက်ပြုပြင်ခြင်း၊ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ အမိုး၊ မျက်နှာကျက်နှင့် ဘုံအဆင့် တိုင်လုံးများ ဆေးသုတ်ပြုပြင်ခြင်း၊ ကိုးခန်းကြီးမှ အထက်စက်တော်ရာအတက် စောင်းတန်း (၅) သွယ် ပြုပြင်ခြင်းလုပ်ငန်းများကို ဘုရားပွဲတော်ရက် မတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန်းရွှေစက်တော်အောက်စက်တော်ရာ (ခြေတော်ရာ) အား ဘုရားဖူးလာရောက်ကြသူများ အလွယ်တကူ အဆင်မြေချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်ရန်အတွက် ယခင်နှစ်က တည်ဆောက်အသုံးပြုခဲ့သော ဘေလီသံပေါင်တံတားကို ဘုရားပွဲတော် ဖွင့်ပွဲမတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဌေးက ရှင်းပြသည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က) အဆင့် စားရင်းဝင်ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့ထိ ရက်ပေါင်း (၈၀) ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ဘုရားပွဲတော်များအနက် ရက်အရှည်ကြားဆုံး ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် မြန်မာလဝါထပ်သည့်နှစ် ဖြစ်ခဲ့သည့်အတွက် ပွဲတော်ရက်ကာလမှာ (၆၄) ရက်သာ ကြာမြင့်မှာဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)