ဖောင်းပြင် အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ မိုးများအဆက် မပြတ် ရွာသွန်းခဲ့ပြီး လမ်းနှင့်တံတားတို့ထိခိုက်ပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားခဲ့ရာ မန္တလေး၊ မုံရွာ-ဖောင်းပြင် ဗျူဟာလမ်းမကြီးပေါ်ရှိ ဖောင်းပြင်မြို့နယ် ရောင်းဟီးကျေးရွာ အနီး ရေမြောင်းကူးတံတားတစ်စင်းမှာ မိုးရေတိုက်စားမှုကြောင့် ပြိုကျမည့်အန္တရာယ်နှင့်ကြုံတွေ့နေရခြင်း၊ ချောင်းခွကျေးရွာနှင့် မန်လီကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကျေးရွာချင်းဆက် တံတားမှာ ရေတိုက်စား၍ ယိုင်သွားခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၊ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် သစ်ကိုင်းများကျိုးကျခြင်းဖြစ်ပေါ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပါဝင်မှုဖြင့် ရှင်းလင်းဖယ်ရှားခဲ့ကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)