ပြည် ဒီဇင်ဘာ ၁၃
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ရွေ့လျားစာကြည့်တိုက်(မိုဘိုင်းယာဉ်)ဖြင့် ယနေ့နံနက်ပိုင်းက ပြည်မြို့ အောင်မြေသာမူလတန်းလွန်ကျောင်း၌ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်က "လူငယ်နှင့်အနာဂတ်ရည်မှန်းချက်၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" အကြောင်းကိုလည်းကောင်း၊ အောင်မြေသာကျောင်းအုပ်ကြီး ဦးဝင်းနိုင်ဦးက "လူငယ်နှင့်စည်းကမ်း"အကြောင်းကိုလည်းကောင်း အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦးအား အသိပညာပေးဟောပြောကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး ပြည်ခရိုင် ပြန်ကြားရေးနှင်ပြည်သူဆက်ဆံရေးဦးစီးဌာန၏ နယ်လှည့်ရွေလျားစာကြည့်တိုက်(မိုဘိုင်းယာဉ်)မှ သုတ/ရသ စာအုပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ငယ်ရွယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိရန်နှင့် ပြင်ပဗဟုသုတစာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်ခြင်းမှတစ်ဆင့် အထွေထွေအသိပညာဗဟုသုတများတိုးတက်ရရှိပြီး အနာဂတ်တွင် နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရည်ချွန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)