ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပေါက်ခေါင်း ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ကိုယ့်ကိုယ်ကိုယုံကြည်မှု”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်း ပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် "ကိုယ့်ကိုယ်ကိုယုံကြည်မှု"စာအုပ်မှ ခေါင်းစဉ်ခွဲများဖြစ်သည့် ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ပို၍ကောင်းအောင်၊ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးရေးနှင့် ကောင်းသောအကျင့်ဖြင့် မိမိကိုယ်ကိုမြှင့်တင်နည်း စသည့်အကြောင်းအရာများကို (Book Club)အဖွဲ့ဝင် ကဗျာဆရာမ မလေးချို(ပေါင်းတည်)၊ စာပေဝါသနာရှင် ဦးတင်ဝင်း၊ အဖွဲ့ဝင် ဦးဝင်နိုင်၊ Youth Club အဖွဲ့ဝင် မောင်ဝေယံအောင်တို့က အသီးသီး ဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ရာ၊ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)