ရွှေတောင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(ရွှေတောင်) ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းဆင့် (၂၅)ဦး၊ အလယ်တန်းဆင့် (၁၇) ဦး၊ အထက်တန်းဆင့် (၁၄)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် (၁၄)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းဆင့် (၁၀)ဦး  စုစုပေါင်း (၇၇)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်​ကြကြောင်း သိရသည်။

ထိုသို့ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲများတွင် အထက်တန်းဆင့်အတွက် “လွတ်လပ်မှ ထွတ်မြတ်မည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့်အတွက် "လွတ်လပ်ရေးအောင်ပန်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းဆင့်အတွက် “လွတ်လပ်ရေးနေ့ တို့မမေ့"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲအတွက် "လွတ်လပ်ရေးအမွေ" ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရေးသားစေခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)