ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကွင်းဆင်း ဆောင်ရွက်

ရွှေတောင် ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် မြောက်ပိုင်း အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးတင်မိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်စာဖတ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော စားသုံးသူ၏ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား (၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့် အားကစား၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှားအားကစား မြန်မာ့သိုင်း (၆၃)ကွက်အား လက်တွေ့သရုပ်ပြသပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့်  ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "သဘာဝလက်ဆောင် သုံးရာသီ" ခေါင်းစဉ်ဖြင့် စက္ကူပြဇာတ်ပုံပြင်ကို ကျောင်းသား/ ကျောင်းသူလေးများအား ပြော​ပြပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်တင်ခြင်းလုပ်ငန်းအဖြစ် စာဖတ်စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)