ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ဖြူး ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဖြူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဖြူးမြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဒေဝီမေက အမျိုးသမီးငယ်များအတွက် လူကုန်ကူးမှုဆိုင်ရာများနှင့် တားဆီးကာကွယ်ရေးဆိုင်ရာများအား အသိပညာပေး ဟောပြောသည်။ ထို့နောက် ဖြူးမြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ် ခိုင်မို့မို့ကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ လူကုန်ကူးမှုဖြစ်စဉ်များကို ရှင်းလင်းဟောပြောသည်။

အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်အတွင်းရှိ အမျိုးသမီးငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်းနှင့် ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်မှတ်လေ့လာခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)