အိမ်မဲမြို့နယ် အ.ထ.က ကြို့ကုန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာ အ.ထ.က ကြို့ကုန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီတွင်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က “လူငယ်နှင့်ရည်မှန်းချက်”၊ “စာဖတ်ခြင်းဖြင့်ဘဝကိုအလှဆင်ပါ”၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက “လူငယ်နှင့်အားကစား”၊ “အားကစားနည်း (၄)မျိုး အကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က အသက်ရှည် ကျန်းမာသော ဘဝရရှိစေရေးအတွက် နေထိုင်စားသောက်ရမည့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးသူများ ရရှိနိုင်သော အခွင့်အရေးများ အစရှိသည့် ခေါင်းစဥ်များဖြင့် အကျယ်တဝင့် အသီးသီး ဟောပြောခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အားကစားဆောင်ရွက်နိုင်ရန် အားကစားပစ္စည်းများကို လှူဒါန်းပေးခဲ့ရာ အ.ထ.က ကြို့ကုန်းကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ ရရှိစေမည့်စာအုပ် စာစောင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာမည်ဖြစ်ပြီး ဟောပြောပွဲသို့ အ.ထ.က ကြို့ကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)