လိပ်သို ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများ အကြောင်းကို အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်းစုဆောင်းခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုပြဿနာသည် အာရှနိုင်ငံများ၌ ကြီးထွား များပြားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှုများ ရှိနေပါကြောင်း၊ လူကုန်ကူး ခံရမှုမှာလည်း ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေကြရကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရည်ရွယ်ချက် (၄) ရပ်နှင့် လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် လူကုန်းကူးမှု အန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများ၊ သိမှတ်ဖွယ်ရာများ အကျယ်တဝင့် သိရှိစေရေးအတွက် ပြသဆောင်ရွက်ထားရှိမှုများကို ဒေသနေ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)