ကျုံပျော်တွင် မဲဆန္ဒရှင်သိမှတ်ဖွယ်ရာ ပညာပေး ဆွေးနွေးပွဲ‌ဆောင်ရွက်

ကျုံပျော်  အောက်တိုဘာ  ၂၆

၂၀၂၀ပြည့်နှစ်၊နို၀င်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေး‌ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင် သိမှတ်ဖွယ်ရာ ပညာပေးဆွေးနွေးပွဲကို သန်လျှက် စွန်းကျေးရွာအုပ်စု၌ အောက်တိုဘာ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲကို ကျုံပျော်မြို့နယ်ရှိ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဦးဆောင်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲတွင်မဲပေးနည်းစနစ်မှန်ကန်ရေး၊ မိမိထည့်သွင်းသည့်မဲအား ပယ်မဲမဖြစ်စေရေးအတွက် ခိုင်လုံမဲ/ ပယ်မဲ ကြိုတင်သိထားသင့်သည့် အချက်များ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အတွက် လုံလောက်သော အကွာအဝေးမှ နေရာခြားကာ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်တို့ကို ပညာပေးဆွေးနွေးကြပြီး၊ တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့‌ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၉၀၀၀၀)ဝန်းကျင် ရှိပြီး မြို့နယ်အတွင်း မဲရုံပေါင်း (၂၃၃) ရုံဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေဝင်းမြင့် (ကျုံပျော်)