ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေး အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပျက်ဆောင်ရွက်

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၆

ကိုဗစ်-၁၉ ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေအရ ကူးစက်ပြန့်ပွားမှုမရှိ စေရေး ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအား သိရှိမှတ်သား လိုက်နာနိုင်စေဖို့အတွက် အသိပညာပေး ခြင်းလုပ်ငန်းများအားအရှိန်အဟုန်မြှင့် စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများအား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများမှ နေ့စဉ်လူစည်ကားရာ နေရာများနှင့် ရပ်ကွက်များအတွင်းသို့လှည့်လည်သွားရောက်ပြီး မိုက်ခရိုဖုန်း လော်စပီကာများဖြင့် ကိုဗစ်-၁၉ အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ယာယီဖွင့်လှစ်ထားသည့် ပျံကျဈေးအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ သတ်မှတ်ကန့်သတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဌာနဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်ထားသည့် အသိပေးနှိုးဆော်ကြေညာချက်များ မြို့နယ်ပြင်ပသို့ ခရီးသွားလာသူများနှင့် Stay Home ဒေသ မှ ပြန်လာသူများအနေဖြင့် သတ်မှတ်နေရာများ၌ Quarantine ဝင်ရောက်ရေး ရောဂါလက္ခဏာ တစ်ခုခုဖြစ်ပွားပါက ဆေးရုံ ဆေးခန်းသို့ ပြသရေးနှင့် မိမိအိမ်ပြင်ပသို့ ထွက်ခွာသွားလာတိုင်း ပါးစပ် နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်အသုံးပြုစေရေးအတွက် အသိပညာပေး ဟောပြောခဲ့ ကြောင်းသိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)