ကံမမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ

ကံမ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊   မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ ဈေးသားများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်က မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြုနည်းအား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်းတို့အား သရုပ်ပြခဲ့ကြသည်။ ထို့နောက် မြို့မဈေးအတွင်း မီးငြှိမ်းသတ်စက်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေသယ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးတို့ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)