စေတုတ္တရာမြို့နယ်၌ ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု ငှက်ဖျားအလွှာခွဲခြားသတ်မှတ်ခြင်း သင်တန်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စေတုတ္တရာ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာအဆင့် ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု အခြေအနေများအား ငှက်ဖျားအလွှာခွဲခြားသတ်မှတ်ခြင်း သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရ.ပ.က.န(ငှက်ဖျား)အဖွဲ့ရုံးခန်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မကွေးတိုင်းဒေသကြီး ရ.ပ.က.န(ငှက်ဖျား) အဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်သာဆွေက အလုပ်ရုံဆွေးနွေးပွဲ သင်တန်းကျင်းပပြုလုပ်နေမှုအား ဦးစွာရှင်းလင်းပြောကြား၍ သင်တန်းပို့ချရာတွင် စေတုတ္တရာမြို့နယ်မှာရှိသည့် ကျေးရွာအဆင့်ငှက်ဖျားဖြစ်သည့် ကျေးရွာတစ်ရွာချင်းအလိုက် ငှက်ဖျားရောဂါဖြစ်ပွားတည်ရှိမှု အခြေအနေများအား ငှက်ဖျားအလွှာခွဲခြား သတ်မှတ်မှုများအကြောင်း၊ ငှက်ဖျားရောဂါဖြစ်ပွားရာ၌ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ဆွေးနွေးပို့ချသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို စေတုတ္တရာမြို့နယ် ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်းများ(၄၄)ဦး တက်ရောက်ကာ သင်တန်းပို့ချရာ၌ မကွေးတိုင်း ရ.ပ.က.န(ငှက်ဖျား)အဖွဲ့ ခေါင်းဆောင် ဒေါက်တာကြည်သာဆွေ၊ မြို့နယ် ရ.ပ.ကနအဖွဲ့ တာဝန်ရှိသူများက ဆွေးနွေးပို့ချသွားမည်ဖြစ်သဖြင့် သင်တန်းကာလ ဒီဇင်ဘာလ(၁၁)ရက်မှ ဒီဇင်ဘာ(၁၃)ရက်အထိ (၃)ရက်အကြာ သင်တန်းအလုပ်ရုံဆွေနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)