စေတုတ္တရာမြို့နယ် မြို့မဈေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

စေတုတ္တရာ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင်စေတုတ္တရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ စေတုတ္တရာမြို့မဈေးရှိ ဈေးရောင်း ဈေးဝယ်သူများနှင့်တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်း ဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်းလျော့ချနိုင်ရေး အစားထိုးအသုံးပြုနိုင်ရန် အင်ဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်ရန် ဈေးတာဝန်ခံနှင့် ဈေးသူ၊ ဈေးသားများကို မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)