မင်းဘူး ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး(၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အစည်းအဝေးတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြေားကြားပြီး၊ အတွင်းရေးမှူး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ငလျင်ဘေးကြိုတင်ကာကွယ်ရေးအတွက် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသောအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မင်းဘူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် အခမ်းအနားဖြင့် ကျင်းပ၍ သက်ဆိုင်ရာဌာနများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး အသိပညာပေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)