မြဝတီ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိကျမ်းတော်ကြီး အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း မဟာမင်္ဂလာအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပ္ပာယ်သည့် ဝတ်တော်အတွင်း ကျင်းပသည်။
ဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ်(၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ အမှူးရှိသော ဆရာတော်၊ သံဃာ တော်အရှင်သူမြတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင် ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ကျောင်းတိုက်အသီသီးမှ ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းအနုမောဒနာ ဂါထာ ရွတ်ဖတ်ပူဇော်ခြင်းကို ဧည့်ပရိသတ်တို့က နာယူကြပြီးဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဥပ္ပါတသန္တိကျမ်းတော်ကြီး အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတွင် လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးပြီး လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာ သုံးကြိမ်ရွတ်ဆို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)