မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မြိတ် ဒီဇင်ဘာ ၁၁

မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို  မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးမိုးလွင်က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ ပြိုင်ပွဲ စတင်ကျင်းပခဲ့ကြသည်။

ပြိုင်ပွဲကို ဓာတုဗေဒအသင်းနှင့် သမိုင်းအသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြရာ ဒုတိယပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကို ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အသင်း(၈)သင်း ပြိုင်ပွဲဝင် အားကစားသမား(၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ(၁၁)ရက်မှ (၁၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)