မကွေး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျပင်းကျေးရွာရှိ ကျေးလက်နေပြည်သူ(၁၅)ဦးမှ စုဆောင်းထားသည့် ရှေးဟောင်းဝတ္ထုပစ္စည်များကို အပ်နှံခဲ့သည့်အတွက် ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံး၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုမှတ်တမ်း လက်ခံရယူမည့် ကျေးလက်နေပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကားပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် တာဝန်သိစိတ်ရှိစွာဖြင့် ရွှေထည်နှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ်အပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါတွက်ချက်ပြီး ချီးမြှင့်ငွေများပေးအပ်လျက်ရှိပါကြောင်း၊ ထပ်ဆောင်းတန်ဖိုးသတ်မှတ်ရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်းအခြေအနေ၊ ပြုလုပ်သည့်ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှု အဆင့်အတန်း၊ သက်တမ်းနှင့် ကာလတန်ဖိုးတို့အပေါ်တွင်မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးအပ်လျက်ရှိပါကြောင်း၊ ကျောက်ခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ခေတ်ခွဲခြား၍ ခေတ်ကာလကြေးကို ၅၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်အထိလည်းကောင်း၊ လက်ရာကြေးကို ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ယဉ်ကျေးမှုအမွေအနှစ်များ ခေတ်အဆက်ဆက်ပေါများသော ဒေသတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း ပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုညိုသန်းက ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။
ယင်းနောက် လာရောက်အပ်နှံသော ရှေးဟောင်းဝတ္ထုပစ္စည်း(၄၃၂)ခုအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၄၃၄၂၀၇၂)ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ရာ ကျေးလက်နေပြည်သူ(၁၅)ဦးမှ လက်ခံရယူခဲ့ပြီး လာရောက်အပ်နှံသော ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)