ရေနံချောင်းမြို့ အ.ထ.က(၂)ကျောင်း၌ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသမီးများနှင့် သက်ဆိုင်သောအခွင့်အရေးနှင့် ကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟောပြော

ရေနံချောင် ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ အမျိုးသမီးများနှင့်သက်ဆိုင်သော အခွင့်အရေးများနှင့် ကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ရေနံချောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုချိုနွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က အမျိုးသားယဉ်ကျေးမှုနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူလေးများ ယဉ်ကျေးလိမ္မာရှိစေရန် အိမ်၌ ယဉ်ကျေးမှု၊ ကျောင်း၌ယဉ်ကျေးမှု၊ လမ်း၌ယဉ်ကျေးမှုစသည့် မြန်မာလူမျိုးတို့ လိုက်နာကျင့်သုံးရမည့် ယဉ်ကျေးမှုအမျိုးအစားများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ချစ်ဆုအိမ်က ကျောင်းသူလေးများသိရှိစေရန် အမျိုးသမီးများ ရသင့်ရထိုက်သည့် အခွင့်အရေးများနှင့် ထိပါးနှောက်ယှက်ပါက ကာကွယ်‌ပိုင်ခွင့်ဥပဒေများကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။

ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုချိုနွယ်၊ မြို့နယ်ပညာရေးမှူး ဦးအေးဝင်းနှင့် အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသိမ့်သိမ့်ထွန်းတို့က ကမ္ဘာ့ဆရာများနေ့၊ စာတတ်မြောက်ရေးနေ့နှင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်များအဖြစ် ကျင်းပခဲ့သည့် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသူလေးများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်းများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ဗဟုသုတရရှိစေရန် ခင်းကျင်းပြသခဲ့ရာ ဆရာ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူလေးများနှင့် တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)